International News

နိုင်ငံ့အကျိုး မျှော်ကိုးရည်သန် စီးပွားရေးသံမှူးတို့၏ အားမာန်

Last Updated:

စီးပွားရေးသံမှူး (Economic Counsellor) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ကုန်သွယ်မှုမြင့်တက်စေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်စေရေး၊ နိုင်ငံတကာမှအကူအညီအထောက်အပံ့များရရှိစေရေး၊ ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်လာစေရေး အစရှိသည်တို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးအပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စနစ်တကျ ရွေးချယ်၊ လေ့ကျင့်၍ စေလွှတ်ထားသည့်နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပါသည်။ တနည်းအားဖြင့်ဆိုသော် တာဝန်ကျသည့်သက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်လေ့လာ၊ စုံစမ်းထောက်လှမ်း၊ သုံးသပ်အကဲဖြတ်၍ မိမိတို့နိုင်ငံသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့တင်ပြရသည့် “စီးပွားရေးစုံထောက်”များဟုပင် ဆိုနိုင်ပါသေးသည်။ ထို့အပြင် မိမိတို့မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ စီးပွားရေးအခွင့်အလမ်းများ၊ လျှပ်စစ်လုပ်ငန်းကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍများအပါအဝင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော စီးပွားရေးကဏ္ဍများနှင့် အလားအလာရှိသော စိုက်ပျိုးရေးထွက်ကုန်များစိုက်ပျိုးထုတ်လုပ်ခြင်း အစရှိသည်တို့တွင် ရင်းနှီးမြှုပ်နှံသူများစွာ လာရောက်လုပ်ကိုင်ဆောင်ရွက်စေရန် ဆွဲဆောင်စည်းရုံး၍ ရင်းနှီးမြှုပ်နှံမှုစတင်ပြုလုပ်နိုင်သည်အထိ ကမကထပြုသူ (Promoter) များလည်း ဖြစ်ကြပါသည်။ မိမိသိရှိရသလောက် မြန်မာနိုင်ငံတွင်လည်း တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံများမှ စီးပွားရေးသံမှူးများခန့်အပ်တာဝန်ပေးစေ လွှတ်ထားရှိပါသည်။

စီးပွားရေးသံမှူးများစေလွှတ်ခြင်း

မိမိတို့မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာစေရေးနှင့်  နိုင်ငံတော်၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားအကူအညီအထောက်အပံ့များ၊ ချေးငွေဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးရာဝန်ကြီးဌာနများ၏ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်‌ရေးတို့အပါအဝင် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်မှန်းချက်ဖြင့် မိမိတို့နိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရန် အလားအလာရှိသည့် ပြည်ပနိုင်ငံ ၉ နိုင်ငံသို့ ၂၀၁၃ ခုနှစ်၊ မတ်လမှစတင်၍ စီးပွားရေးသံမှူး (Economic Counsellor) ၁၀ ဦးကို ဝန်ကြီးဌာနများစွာမှ အဆင့်ဆင့်စိစစ်ရွေးချယ်၍ ပထမအကြိမ်အဖြစ် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဘယ်ဂျီယံနိုင်ငံ (ဘရပ်ဆဲလ်)၊ ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဟောင်ကောင်တို့သို့ စတင်စမ်းသပ်စေလွှတ်ခဲ့ပါသည်။

ထို့နောက် ၂၀၁၆ ခုနှစ်၊ မတ်လတွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မေလတွင် တတိယအကြိမ်အဖြစ်လည်းကောင်း ထပ်မံရွေးချယ်စေလွှတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် တောင်အာဖရိကနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဩစတေးလျနိုင်ငံ၊ တရုတ်နိုင်ငံ(ကူမင်း) နှင့်    ဘရာဇီးလ်နိုင်ငံစသည့် ပြည်ပနိုင်ငံအချို့သို့ ထပ်မံတိုးချဲ့၍ စေလွှတ်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုဖြစ်ထွန်းလာနိုင်သည့် ရုရှားနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများ ထပ်မံတိုးချဲ့စေလွှတ်သွားမည်ဟု သိရှိရပြီး စီးပွားရေးသံမှူးများ၏ အခန်းကဏ္ဍ ပိုမိုထွန်းပလာနိုင်မည်ဖြစ်ပါသည်။

စီးပွားရေးသံမှူးများအား ရွေးချယ်လေ့ကျင့်ပေးခြင်း

စီးပွား‌ရေးသံမှူးများအား စတုတ္ထအကြိမ်လဲလှယ်စေလွှတ်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်မည့် စီးပွားရေးသံမှူးသင်တန်း(၂၀၂၁) သို့ တက်ရောက်သင်ကြားခွင့်ရရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးဝန်ကြီးဌာနများမှ အရာထမ်း ၅ ဦးစီရွေးချယ်ပေးရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမည်စာရင်းတောင်းခံခဲ့ပါသည်။ အဆိုပါသင်တန်းကို တက်ရောက်ခွင့်ရရှိရန် သက်ဆိုင်ရာစီးပွားရေးဝန်ကြီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးအဆင့်နှင့်အောက် အရာထမ်းများအား စနစ်တကျ အဆင့်ဆင့်ယှဉ်ပြိုင်ရွေးချယ်ခဲ့ပါသည်။ ပထမဦးစွာ အရည်အသွေးကိုက်ညီသည့်အရာထမ်းများအား ယှဉ်ပြိုင်၍ အရွေးချယ်ခံစေပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရွေးချယ်ခံရသည့် စီးပွားရေးသံမှူးလောင်းများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ သိရှိထားသင့်သည့် ဘာသာရပ်များစွာအား လေ့လာသင်ယူကြရပါသည်။ ထို့နောက် အဆိုပါသင်တန်းသို့ တက်ရောက်ခွင့်ရသူများအား ထပ်မံစိစစ်၍ ‌သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဖွဲ့ဝင်များစွာဖြင့် ဖွဲ့စည်းထားသော စီးပွားရေးသံမှူးရွေးချယ်ရေးဘုတ်အဖွဲ့မှ ဇကာတင်ရွေးချယ်ပါသည်။

အဆိုပါသင်တန်း၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာကုန်သွယ်မှုဥပဒေများမှ သိမှတ်ဖွယ်ရာများ၊ WTO ၏ လုပ်ထုံး လုပ်နည်းများနှင့် လုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေးစာချုပ်များမှ သိမှတ်ဖွယ်ရာများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံ၏ SME ကဏ္ဍ၊ အမျိုးသားပို့ကုန်မဟာဗျူဟာပါ ကိစ္စရပ်များ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ ချေးငွေဆိုင်ရာကိစ္စရပ်များ၊ အထူးစီးပွားရေးဇုန်များဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ကဏ္ဍမှ သိမှတ်ဖွယ်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍဆိုင်ရာကိစ္စရပ်များအပါအဝင် နိုင်ငံရပ်ခြားရှိ သံရုံးများတွင် တာဝန်ထမ်းဆောင်ရမည့် သံတမန်ဆိုင်ရာကျင့်ဝတ်များ၊ သံတမန်ဆိုင်ရာဓလေ့ထုံးတမ်းများ အစရှိသည့် ဘာသာရပ်များစွာတို့ကို စီးပွားရေးသံမှူးလောင်းများအား သင်ကြားပို့ချပေးပါသည်။ ယခင် စီးပွားရေးသံမှူးတာဝန်ထမ်းဆောင်ခဲ့သူများမှ ၎င်းတို့ တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ သက်ဆိုင်ရာနိုင်ငံများ၏ အခြေအနေများ၊ ရင်ဆိုင်ဖြေရှင်းကျော်လွှားခဲ့ရသည့်အခက်အခဲများ၊ ချိတ်ဆက်ဆောင်ရွက်ခဲ့ရသည့်လုပ်ငန်းကိစ္စရပ်များကို လာရောက်မျှဝေပေးပါသည်။

ထိုမျှမက အဆိုပါသင်တန်း၌ မိမိတို့မြန်မာနိုင်ငံရှိ သံရုံးများတွင် လာရောက်၍ တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ပနိုင်ငံအချို့မှ စီးပွားရေးသံမှူးများနှင့် စီးပွားရေးဆိုင် ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွေ့အကြုံ များအား ရှင်းလင်းဆွေးနွေးပေးခြင်း၊ သိမှတ်ဖွယ်ရာများအား မျှဝေပေးခြင်း၊ နိုင်ငံအတွက် လုပ်ဆောင်စေလိုသည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အကြံပြုခြင်း အစရှိသည်တို့ကိုလည်း လုပ်ဆောင်ပေးပါသည်။

စီးပွားရေးသံမှူးတို့၏ တာဝန်

စီးပွားရေးသံမှူးများအဖြစ် ရွေးချယ်ခံရပြီးနောက် တာဝန်ကျရာ ပြည်ပနိုင်ငံ အသီးသီးရှိ သံရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြရပါသည်။ အဓိကရည်မှန်းချက်များမှာ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများစွာကို ဖိတ်ခေါ်ဆွဲဆောင်နိုင်ရန် အရည်အသွေးမီရင်းနှီးမြှုပ်နှံသူများအား ရှာဖွေဆွဲဆောင်စည်းရုံးခြင်း၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာပြည်ပနိုင်ငံတို့အကြား ကုန်သွယ်မှုတိုးမြင့်လာစေရေးအတွက် ပို့ကုန်/ သွင်းကုန်ဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်ရန်နှင့်  ပို့ကုန်အသစ်များအား တိုးမြှင့်တင်ပို့နိုင်ရန် ဈေးကွက်အသစ်များအား ရှာဖွေခြင်းနှင့်  ပြည်ပနိုင်ငံများမှ အကူအညီ အထောက်အပံ့များရရှိနိုင်ရေးကြိုးပမ်းဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါသည်။

အခြားတာဝန်များအနေဖြင့် မိမိတို့နိုင်ငံ၏ ပို့ကုန်ကဏ္ဍတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ ဈေးကွက်များ၏ လိုအပ်ချက်အခြေအနေများ၊ ဈေးကွက်ဆိုင်ရာ သုံးသပ်ချက်များ၊ ပို့ကုန်/ သွင်းကုန်အခြေအနေများနှင့်စပ်လျဉ်းသည့် စီးပွားရေးသတင်းအစီရင်ခံစာများ၊ ဈေးကွက်သတင်းအချက်အလက်များ၊ သက်ဆိုင်ရာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးသတင်းများ၊ ဘဏ္ဍာရေး၊ ငွေရေးကြေး‌ရေးဆိုင်ရာ သတင်းအချက် အလက်များ၊ မိမိတို့နိုင်ငံနှင့် ဝန်ကြီးဌာနများအတွက် အကျိုးကျေးဇူးရှိစေမည့် ကဏ္ဍအလိုက်ပြုစုတင်ပြချက်များအပါအဝင် အစီရင်ခံစာများကို အပတ်စဉ် မိမိတို့နိုင်ငံရှိ သက်ဆိုင်ရာစီးပွားရေး ဝန်ကြီးဌာနများသို့ ပုံမှန်ပေးပို့တင်ပြခြင်း၊ သက်ဆိုင်ရာနိုင်ငံရှိ စီးပွား‌ရေးလုပ်ငန်းများမှ သိရှိလို၍ မေးမြန်းစုံစမ်းလာသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ/ ကုန်သွယ်မှုဆိုင်ရာ/ စီးပွားရေးလုပ်ငန်းလုပ်‌ဆောင်မှုဆိုင်ရာကိစ္စရပ်များစွာကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်သွယ်ချိတ်ဆက်၍ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်မှတဆင့်ဖြစ်စေ ပြည့်ပြည့်စုံစုံသိရှိနားလည်နိုင်စေရန် ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဝန်ဆောင်မှုပေးကြရပါသည်။

ထို့အပြင် သက်ဆိုင်ရာနိုင်ငံများမှ မိမိတို့မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဝင်လာမစဲ တသဲသဲဖြင့် လာရောက်ရင်းနှီးမြှုပ်နှံစေရန် နည်းလမ်းမျိုးစုံကို အသုံးချလျက် ရှင်းလင်းဆွေးနွေးတင်ပြခြင်းဆိုင်ရာလုပ်ဆောင်မှုများကိုလည်း သက်ဆိုင်ရာနိုင်ငံရှိ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများ အစရှိသည်တို့၌ စည်းရုံးဆွဲဆောင်ကြရပါသည်။ မိမိတို့မြန်မာနိုင်ငံ၏ ပုဂ္ဂလိက လုပ်ငန်းနယ်ပယ်ရှိ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ သက်ဆိုင်ရာနိုင်ငံမှ စျေးကွက်ဆိုင်ရာ သိရှိလိုသည်များကို ဆက်သွယ်ဖြေရှင်းဆောင်ရွက်ပေးခြင်းတာဝန်တို့ကိုလည်း ထမ်းဆောင်ကြမည်ဖြစ်ပါသည်။

ထိုမျှမက လိုအပ်ပါက သံတမန်ရေးရာကိစ္စရပ်များကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရပြီး စီးပွားရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအား သံတမန်နည်းလမ်းများကို အသုံးပြု၍ ဖြေရှင်းကြရပါသည်။ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများမှ စီးပွားရေးသံမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်၊ ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် သုံးသပ်အကဲဖြတ်နေမည်ဖြစ်ပါသည်။

တွေးကြည့်မည်ဆိုပါက စီးပွားရေးသံမှူးတာဝန်ထမ်းဆောင်ခြင်းသည် နိုင်ငံရပ်ခြားမှ အတွေ့အကြုံကောင်းများစွာကို ရရှိနိုင်စေမည်ဖြစ်သကဲ့သို့ မိမိတို့၏ ကြိုးပမ်းစွမ်းဆောင်မှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာမည်ဆိုလျှင်၊ ပြည်ပနိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများမှ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းပေါင်းများစွာ လာရောက်လုပ်ကိုင်ကြမည်ဆိုလျှင် မိမိတို့နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖန်တီးပေးခြင်းဖြစ်၍ ကုသိုလ်လည်းရ ဝမ်းလည်းဝဖြစ်စေသည့် အလုပ်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တာဝန်ပေးအပ်ရာ ပြည်ပနိုင်ငံအသီးသီးသို့ မိမိတို့နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်စေ‌ရေးအတွက် ကောင်းကျိုးများစွာကို ဖြစ်ထွန်းစေရန် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများအနေဖြင့် ကိုယ်ရည်ကိုယ်သွေး၊ ဘာသာစကားစွမ်းရည်၊ သံတမန်စွမ်းရည်၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ ဥပဒေ/ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းသည့် ဘာသာရပ်ဆိုင်ရာတတ်ကျွမ်းနားလည်မှုစွမ်းရည်များအား ကြိုတင်ဖြည့်ဆည်းထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်းတင်ပြလျက် စီးပွားရေးသံမှူးကောင်းများစွာ ပေါ်ထွက်လာနိုင်ပါစေကြောင်း  ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Category: International News